ပူတာအိုမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ပူတာအို နိုဝင်ဘာ  ၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်းနှင့် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို နိုဝင်ဘာ(၃)ရက် နံနက် (၈)နာရီက စုရပ်ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်လှည့်လည်သည်။

စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်ဌာဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် မြို့မ၊ ဟိုခို၊ ကောင်ကထောင်၊ လုံးစွတ်၊ လေယာဉ်ကွင်းရပ်ကွက်များသို့လှည့်လည်အပူဇော်ခံခဲ့ကြပြီး ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်သို့ ပဒေသာပင်များအား အပူဇော်ခံလှည့်လည် ပို့ဆောင် ခဲ့ကြသည်။

ဆက်လက်၍ နံနက်(၁၀)နာရီတွင် ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ကြပြီး ဆာရ်ခွမ်ဒမ်း ကျေးရွာ ရေခဲတောင်ကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ 

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ကထိန်ကလျာ ဉာတ်သင်္ကန်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အထိန်အနုမောဒနာ တရားတော်နှင့်ရေစက်သွန်းချအမျှ ပေးဝေကြသည်။

အဆိုပါ ၁၃၈၇ ခုနှစ်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ရာတွင် ပဒေသာပင်စုစုပေါင်း (၃၁)ပင်၊ ပစ္စည်းအလှူငွေကျပ်သိန်းပေါင်း(၇၆၉၂၀၀၀)၊ ဆွမ်း အလှူငွေ ကျပ်သိန်းပေါင်း(၃၀၇၀၀၀၀)၊ ငွေသားအလှူငွေကျပ်သိန်းပေါင်း (၂၀၃၇၃၅၀၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၃၁၁၃၅၅၀၀)ကိုလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)