ကသာ နိုင်ဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၂)ကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီက ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်၊ သာသနာ့ပဇ္ဇောတာ ကျောင်းတိုက် (ကျောင်းသစ်)ရှိ ဓမ္မဗိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကသာမြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များအား ကသာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး နိုင်ဝင်းနှင့်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတေဇာနန္ဒ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူခဲ့ကြသည်။ ဆက်လက်၍ ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွထွန်းက သာသနာတော်ဆိုင်ရာများနှင့် ပတ်သက်၍ လျှောက်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တတေဇာနန္ဒ မဟာထေရ်မြတ်ထံမှ ကထိန်လျာသင်္ကန်းလှူဒါန်းမှုနှင့် ပတ်သက်၍ ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရားများကို နာယူကြပြီး ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများက ကထိန်ခံမူလတောရ ကျောင်းဆရာတော်ထံသို့ ကထိန်လျာဉတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်း ကြသည်။
ထိုသို့ လှူဒါန်းမှုအစုစုတို့အတွက် တက်ရောက်လာကြသောခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ကသာမြို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေ စုစုပေါင်း ငွေကျပ်(၃၀၅)သိန်း ကျော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာကျင်းပပြီးစီးမှုအတွက် ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များက ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်