ဘိုကလေး နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖွင့်လှစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ မဲရုံများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင်မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများ အင်အား(၂၀၀)ခန့်တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က မဲရုံတာဝန်ထမ်း ဆောင်ကြမည့် ဆရာ/မများအနေဖြင့် မိမိတို့ မဲရုံမီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာများ နားလည်သိရှိနိုင်ရေး ယခုဟောပြောပွဲအား ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် မီးဘေးအန္တရာယ်ကင်းဝေးရေးသည်လည်း အရေးပါသည့် ကိစ္စရပ်ဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား သိရှိနားလည်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က မဲရုံများ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ရှောင်ရှားရမည့် အကြောင်းအရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေးဟောပြောပြီး မီးလောင်မှုအား မီးသတ်ဆေးဘူးအပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နည်းအား သရုပ်ပြ၍ မဲရုံတာဝန်ထမ်းဆောင်မည့် ဆရာ/မများကိုလည်း လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)