မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေးဆောင်ရွက်

မြောက်ဥက္ကလာပ နို၀င်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက (ဂ)ရပ်ကွက်၊ ဥက္ကာလမ်းရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ သွေးလွန်တုပ်‌ကွေးနှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေရေးအတွက် (ဂ)ရပ်ကွက်၊ ဥက္ကာလမ်းရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၀န်းအတွင်း ပတ်ဝန်းကျင်နှင့် အနီးအနားရှိ အမှိုက်သရိုက်များ ကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းအတွင်း/အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)