သန်လျင် နိုဝင်ဘာ ၂
သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ သန်လျင်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ထံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်ဆရာတော်ကြီးများက ပရိတ်တရားတော်များချီးမြှင့်တော်မူကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊ ဆရာမများက ကထိန်လျာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် အဓိပတိဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူကြသည်။
ယင်းနောက် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်၍ ဧည့်သည်တော်များအား ထမင်းသုပ်ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)