ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “သမိုင်းမှပေးသော အတွေးအမြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ကသာ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မာစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ သမိုင်းမှပေးသောအတွေးအမြင် ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် “သမိုင်းမှပေးသောအတွေးအမြင်” ဆောင်ပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကသာမြို့နယ် Book Club အဖွဲ့ဝင် မောင်သူရစံ၊ မဇင်မာ‌ေဇာ်၊ ဒေါ်ချိုချိုပြုံးမြင့်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါင်းနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးဘမောင်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးတို့က “ သမိုင်းမှ‌ပေးသော အ‌တွေးအမြင်” ဆောင်းပါးအပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့၏ လိုအပ်ချက်များကို သိရှိလာပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ်စာရေးဆရာအသင်း၊ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ကသာ)