ကြံခင်းမြို့နယ်လုံးဆိုင်ရာ (၃၅) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ကြံခင်း   နိုဝင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမဲခန့်ခွဲရေးနှင့်အုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ (၃၅) ကြိမ်မြောက် ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ရပ်ကွက်ရှိ ကြာနီကန် ကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ အတွင်းရေးမှူး ရဲမှူးကြည့်စိုးနှင့်ဇနီး၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ပထမဦးစွာ မြို့မရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးမှစ၍ ဌာနဆိုင်ရာများ စုပေါင်းထည့် ဝင်ထားသော ပဒေသာပင်(၂၁)ပင်အား မြို့တွင်းလှည့်လည်၍ ရပ်ကွက်နေပြည်သူများ ကြည်ညိုသဒ္ဒါ ပွားများစေရန်နှင့် ကျွဲအက၊ အိုးစည်ဝိုင်းအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာ  လှည့်လည်ကြသည်။ ထို့နောက်  ကြာနီကန်ကျောင်းတိုက်၊ ကြာပုဏ္ဍရိပ်ဓမ္မာရုံတော်ကြီးတွင် စုပေါင်းမဟာဘုံကထိန် လှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်​တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ရွှေညောင်ပင်ကျောင်းတိုက် ဆရာတော်  မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒဓမ္မဇောတိကဓဇ ဘန္ဒန္တဝါယမထံမှ သရဏဂုံနှင့် ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူ​​မြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်ကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် ကြာနီကန် ကျောင်းတိုက်အတွင်း ပုရိမဝါမှ ထမြောက်တော်မူကြသော သံဃာတော်အရှင်မြတ်အား ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပင့်သံဃာ‌တော်အရှင်သူမြတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နဝကမ္မဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ‌တော်ထံမှ သာဓုအနုမောဒနာ တရားနာယူ ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ပြီးနောက် ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ယင်းနောက် ပင့်သံဃာတော်အရှင်သူမြတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ဘောဇဉ်များဖြင့် လှူဒါန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ အဆိုပါ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများ၊ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်း သည့် ပဒေသာပင် (၂၁) ပင်တွင် ငွေသားတန်ဖိုး ကျပ်သိန်း ၁၃,၁၅၂,၀၁၀ိ/-၊ ပစ္စည်း တန်ဖိုးငွေကျပ် သိန်း ၃,၉၉၅,၄၀၀ိ/- စုစုပေါင်းငွေကျပ် ၁၇,၁၄၇,၄၀၀ိ/- ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)