တိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်

ပုသိမ် နိုဝင်ဘာ

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာ သာမက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားများကိုလည်း မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်ပြီး တိုင်းဒေသကြီး အဆင့်(၈)ခရိုင် (က)အုပ်စုအသင်း(၄)သင်းနှင့် (ခ)အုပ်စုအသင်း(၆)သင်း စုစုပေါင်း(၁၀)သင်းဖြင့် ဘင်ခရာပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဘင်ခရာပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ် ဘင်ခရာတီးဝိုင်းများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ မျိုးဆက်သစ်ကျောင်းသားလူငယ် ဘင်ခရာတီးဝိုင်းများ ပေါ်ထွက်လာစေရန်၊ ကျောင်းသားလူငယ်များ စည်းကမ်းစနစ်ကို တိကျစွာလိုက်နာ တတ်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်၊ အားကစားနှင့် ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာရန်တို့ပဲ ဖြစ်ပါကြောင်းနှင့် ၎င်းရည်ရွယ်ချက်များနှင့်အညီ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဘင်ခရာပြိုင်ပွဲကနေပြီး မျိုးဆက်သစ်ကျောင်းသားလူငယ်များနှင့် ဘင်ခရာအသင်းများ ထပ်မံပေါ်ပေါက်လာပြီး အခမ်းအနားများ၊ အားကစားပြိုင်ပွဲများတွင် ကိုယ်တိုင်တီးမှုတ် ဖျော်ဖြေနိုင်သူများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်မှ ဘက်စုံထူးချွန် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပေးသည့် အစီအစဉ်များကို စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်၏ ကျေးဇူးတရားကို သိတတ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အားထားရသည့် သားကောင်းရတနာများဖြစ်လာအောင် အစဉ်လေ့လာ ကြိုးစားကြရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ပြိုင်ပွဲဝင်ဘင်ခရာအသင်းများအား နှုတ်ဆက်ခဲ့ပြီးနောက် ဘင်ခရာအသင်းများက ဝန်ကြီးချုပ်အား အလေးပြုကာ ကွင်းအတွင်းမှပြန်လည် ထွက်ခွာကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်ဘင်ခရာအသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သည့် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အုပ်စု(ခ)ဘင်ခရာပြိုင်ပွဲတွင် အထူးဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊ အုပ်စု(က)ဘင်ခရာပြိုင်ပွဲတွင် အထူးဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အုပ်စု(ခ)ဘင်ခရာပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖျာပုံခရိုင်အသင်း၊ ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်အသင်း၊ တတိယဆုရရှိသည့် မအူပင်ခရိုင်အသင်းနှင့် အုပ်စု(က)တွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း၊ ဒုတိယဆုရရှိသည့် ဟင်္သာတခရိုင်အသင်းနှင့် တတိယဆုရရှိသည့် မြန်အောင်ခရိုင်အသင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)