နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်ဧည့်ရိပ်သာ အာရ်စီ(၆)ထပ်အဆောက်အအုံသစ်ဖွင့်

ဘားအံ နိုဝင်ဘာ ၁

ကရင်ပြည်နယ်ကိုလာရောက်ကြမည့် နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှဧည့်သည်တော်များ အဆင်ပြေစွာတည်းခိုနိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၀၀၆၀ ဒသမ ၆၂၁)သန်း အကုန်အကျခံ၍ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်ခဲ့သော ကရင်ပြည်နယ်ဧည့်ရိပ်သာအာရ်စီ(၆)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်ရှိ အဆိုပါအဆောက်အအုံသစ်တည်နေရာ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်ပေးခဲ့သော ကရင်ပြည်နယ်ဧည့်ရိပ်သာ အဆောက်အဦသန့်ရှင်းသာယာလှပရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသောကော်မတီအလိုက် သက်ဆိုင်ရာဌာနများမှစနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးမြင့်သူက အဆောက်အဦသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံလွှဲပြောင်းပေးအပ်ကာ အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ်ဓာတ်ပုံကို ပြည်နယ်ဝန်ကြီးချုပ်ထံ လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်ဧည့်ရိပ်သာအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဧည့်ရိပ်သာနဖူး စည်းစာတန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသောယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦအတွင်းရှိ ကမ္ပည်းမော်ကွန်းအားဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ အဆိုပါအဆောက်အဦ အတွင်းရှိ အစည်းအဝေးခန်းမ၊ ထမင်းစားခန်း၊ နားနေခန်း၊ VVIP ၊ VIP အိပ်ခန်းများအပါအဝင် စုစုပေါင်းအိပ်ခန်း(၂၉)ခန်း၊ ဓာတ်လှေကား၊ လေအေးပေစက်၊ ရေပူရေအေးစနစ်၊ Audio Conferencing Sound System ၊Internet၊ CCTV၊ 400 KVA Transformer၊ Back Up Generatorနှင့်မီးဘေးကာကွယ်ရေးစနစ်များ၊ ဝန်ထမ်းများနေထိုင်ရန် (၂)ခန်းတွဲ(၃)ထပ် အဆောက်အဦ(၂)လုံး၊ နောက်ပါဧည့်သည်များတည်းခိုရန် Staff Housing အဆောက်အဦနှစ်လုံး၊ မီးဖိုဆောင်တစ်လုံး၊ ထမင်းစားဆောင်တစ်လုံး၊ ကွန်ကရစ်လမ်း၊ ကားရပ်နားရန်နေရာ၊ လုံခြုံရေးဂိတ်နှင့်ဘန်ကာ(၄)လုံးတို့ကိုလိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)