တပ်ကုန်း နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးနှင့် သီးနှံဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာသို့ ရောက်ရှိ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်နေပြည်သူများ အသုံးပြုဆောင်ရွက်မည့် စက်ရေတွင်းနှင့် စင်မြင့်ရေစင်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ရေအေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (KC) ခန်းမသို့ ရောက်ရှိပြီး တောင်သူများနှင့်တွေ့ဆုံကာ နေပြည်တော်ကောင်စီဝင်က တောင်သူလယ်သမားများအနေဖြင့် ဆောင်းသီးနှံ မြေပဲ၊ နေကြာများ အလေးထားစိုက်ပျိုးနိုင်ရေး၊ မြေလွတ်မကျန် သီးနှံများ စိုက်ပျိုးရေး၊ သီးနှံဈေးကွက်များ ဈေးကစားခြင်း မခံရအောင် မြို့နယ်ကုန်စည်ဒိုင်နှင့် ချိတ်ဆက် ရောင်းဝယ်ရေး၊ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဟန်ချက်ညီညီ ဆောင်ရွက်လုပ်ငန်းရေး ဆွေးနွေးပြောကြားခဲ့နောက် စနစ်ကျလယ်ယာ မိုးစပါးစိုက်ခင်းများနှင့် သဘာဝမြေဆွေးပုံများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်