မြဝတီ နိုဝင်ဘာ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အောင်မြေရွှေဘုံကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး၊ ဒေါက်တာခင်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်မြေရွှေဘုံရှိ အသက် (၅) နှစ်ပြည့်ပြီး၊ (၇)နှစ် မကျော်သော KG ကျောင်းသား (၄၅) ဦး၊ မ (၅၂) ဦး စုစုပေါင်း (၉၇) ဦးအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးကိုလည်းကောင်း၊ အသက် (၉) နှစ်ပြည့်ပြီး (၁၀)နှစ် မကျော်သောကျောင်းသူ (၃၂) ဦးကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေး အားလည်းကောင်း ထိုးနှံခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ အဖွဲ့များခွဲကာ ထိုးနှံပေးသွားမည်ဖြစ်ပြီး မြဝတီမြို့ရှိ ရပ်ကွက်အလိုက် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)