သထုံခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

သထုံ အောက်တိုဘာ ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ စုဒ္ဒဿမ(၁၄)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲကို အောက်တိုဘာလ ၃၁ ရက်၊ နံနက် ၉ နာရီခွဲအချိန်က သထုံမြို့ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သထုံမြို့၊ သထုံမြို့သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ဘန္ဒန္တသုမနာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုး‌အောင်က စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ သာသနာရေး‌ဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။

ယင်းနောက် သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော်ထံ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်္ကန်းနှင့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းပေးပြီး ယခုနှစ်ကထိန်ခင်းရန် အလှည့်ကျသည့် သိမ်ကုန်းရပ်ကွက် မြသီတာရုံကျောင်းတိုက် ဆရာတော်ထံ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်ဇနီးတို့က ကထိန်လျာ ဉာတ်သင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်း‌ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူတို့က ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်များကို ဆက်ကပ်လှူဒါန်းကာ ငွေကျပ် ၂၀၅၂၈၀၀၀ တန်ဖိုးရှိ ပဒေသာပင်နှင့်လှူဖွယ်များကို ကျောင်းစဉ်အလိုက် စာရေးတံမဲဖောက် လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချ အမျှဝေပေးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်