ဒေးဒရဲမြို့၌ နွေစပါး ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး (Drum Seeder) ပေးအပ်ပွဲ ကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နွေစပါးစိုက်ပျိုး ရာသီတွင် အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင် နိုင်ရေးနှင့် စပါးအထွက်နှုန်းတိုးတက်စေရေး၊ ကြဲခင်းစနစ် ပပျောက်စေရေး ရည်ရွယ်၍ စပါးမျိုးစေ့ချကရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်က မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်စေရေး Drum Seederများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပြီး  နွေစပါးပန်းတိုင်အထွက်နှုန်း တိုးထွက်စေရေး သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာ အချိုးကျအချိန်ကိုက် ထည့်သွင်းစိုက်ပျိုးနိုင်ရေး ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကျော်စိုးက ကျေးလက်နေ ပြည်သူများ မိသားစုများ ဝင်ငွေတိုးပွားစေရေး ဆီထွက်သီးနှံနေကြာမျိုးစေ့နှင့် ကော်ဖီပျိုးပင်များ  ကျေးရွာအုပ်စုအလိုက် ဖြန့်ဝေပေးသွားမည့် လုပ်ငန်းများအား ရှင်းလင်းဆွေး နွေးခဲ့သည်။

ဆက်လက်၍မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဝင်များက နွေစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများထံသို့ (Drum Seeder) များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း