မော်လမြိုင် အောက်တိုဘာ ၃၁
၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ်သော (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်း အနားကို အောကိတိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာတော်၊ ဘဒ္ဒန္တစန္ဒောဘာသထံသို့ ကထိန်လျာမြတ်သင်္ကန်းနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီး အလှူရှင်အပေါင်းတို့က ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့ပြီး အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော (၁၅)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ဌာနအသီးသီးမှ အလှူရှင်များစုပေါင်း၍ ငွေသားနှင့် ပဒေသာပင်ပစ္စည်းတန်ဖိုးစုစုပေါင်း (၆၃,၇၃၂,၆၀၀) ကျပ်သိန်းခြောက်ရာ သုံးဆယ်ခုနစ်သိန်းကျော်အား လှူဒါန်းခဲ့ကြပြီး ရုံးဌာနများအလိုက် ကျောင်းတိုက်များသို့ ပဒေသာပင်များကို မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)