ကယား အောက်တိုဘာ ၃၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ မြို့နာမ်ရွှေစေတီတော်၊ နောင်ယားကန်သာနှင့် ထေးသမ (လေ့ကျင့်ရေးအလယ်တန်းကျောင်း) များသို့ သွားရောက်၍ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော်သို့ ရောက်ရှိကာ စေတီတော်အား ဘက်စုံပြုပြင်မွမ်းမံ တည်ဆောက် နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးရှင်းလင်း တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဘုရားသို့ လာရောက်သူများ စိတ်ချမ်းမြေ့စွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေး၊ စေတီရင်ပြင်တော်နှင့် ပရဝဏ်အတွင်း အမြဲတမ်းသန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဂရုပြု ဆောင်ရွက်ရန်စသည်ဖြင့် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စေတီတော်အတွင်း လှည့်လည်ကြည်ညိုခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် နောင်ယားကန်သာ သို့ရောက်ရှိပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန် ကန်အတွင်းရှိ တံတားကြံ့ခိုင်မှုရှိစေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်၊ ကန်ပတ်လည် သန့်ရှင်းသာယာရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ နွေရာသီတွင် ကန်အတွင်း သတ်မှတ်ရေချိန်အောက်လျော့နည်းမှုမရှိစေရေး စီစဉ်ဆောင်ရွက်ရန်နှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရာတွင် ကန်နှင့် ကန်ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျ ရောင်းချဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည် ။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ထေးသမ (လေ့ကျင့်ရေးအလယ်တန်းကျောင်း)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်းရှိ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးခန်းတွဲ တစ်ထပ်စာသင်ဆောင်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုူစစ်ဆေးသည်။ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးစံချိန်းစံညွှန်းများ ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိရန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)