ပုသိမ် အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်အကြီးအကဲက မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီးအဆင့်မြင့်ရေကူးကန် တည်ဆောက်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေမည့် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ အခြေခံရေကူးနှင့် ဒိုင်ဗင်သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု မြင့်မားလာစေခြင်းအပြင် အရေးကြုံက သက်လုံကောင်း စေရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်းသင်တန်းက ရရှိသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားရင်း လာမည့်အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိအောင် ကြိုးစားကြရန်နှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်မှသည် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားကြရန် လိုပါကြောင်း”အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ အမျိုးသားU-12 မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ အမျိုးသားမီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် အမျိုးသားဒိုင်ဗင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နည်းပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အမျိုးသမီးမီတာ(၅၀)လက်ပစ်ကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသမီးမီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ အမျိုးမီးဒိုင်ဗင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီးတရားကြီးချုပ်နှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသားများ၏ ရေကူးနှင့် ဒိုင်ဗင်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သင်တန်းကိုယခုလ(၁၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)