ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား တတိယအကြိမ် အာဟာရကျွေးမွေး

ကံမ အောက်တိုဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် (KG) ကျောင်းသားကျောင်းသူများအား တတိယအကြိမ် အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့သည်။

ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများအား ဆရာ ဆရာမများက လက်ကိုစနစ်တကျ ဆပ်ပြာနှင့် ဆေးကြောသန့်စင်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်နှင့် ရေဓာတ်စသည်တို့ ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌လည်း (KG) ကျောင်းသားကျောင်းသူများ အားလုံးကို  အာဟာရကျွေးမွေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)