မော်လမြိုင် အောက်တိုဘာ ၂၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းအချိန်က အကောက်ခွန်ဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ဦးက အကောက်ခွန်ဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူး များထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်များက အကောက်ခွန်ဦးစီးဌာနဝန်ထမ်းများအား မီးသတ်ဆေးဗူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို လက်တွေ့သင်ကြား ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)