ကန့်ဘလူမြို့၌ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ကန့်ဘလူ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များ၊ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ၌ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ မီးငြှိမ်းသတ်မှုလက်တွေ့ဆောင်ရွက်ခြင်းများကို စဥ် ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်နံနက်က ကန့်ဘလူမြို့ရှိ မြင့်မိုရ်ကိုယ်ပိုင် ကျောင်းနှင့်ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်များ၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးဦးဇော်လင်းက “မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်မှုလက်တွေ့ဆောင်ရွက်ခြင်းများပြုလုပ်ခြင်း၊ ကိုယ်ပိုင်ကျောင်းတွေမှာ ကလေး သူငယ်များ မှအစ မီးသတ်ဆေးဘူးအသုံးပြုတတ်အောင်၊ ရေစိုအဝတ်ဖြင့် အရေးပေါ်ဖုံးအုပ်ငြှိမ်းသတ်ခြင်းတွေ ဆောင်ရွက်တတ်ဖို့အတွက် လက်တွေ့ငြှိမ်းသတ်ပြသခဲ့ပါတယ်။ ကျောင်းသားကျောင်းသူများရဲ့ အိပ်ခန်းတွေ၊ စားသောက်ခန်းတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးပြီး လိုအပ်သည် များကို အကြံပြုခဲ့ပါတယ် ” ဟု ပြောသည်။

ကျောင်းများတွင် မီးသတ်ဆေးဘူးများ ထားရှိမှုရှိမရှိ၊ လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ၊ လျှပ်စစ်မီး အသုံးပြုခြင်းများကို စစ်ဆေးခဲ့ပြီး ရေကန်များတွင်လည်း ရေအမြဲမပြတ်ရှိစေရေးအတွက် ဖြည့်တင်းထား ရှိရန်တို့ကိုလည်း အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)