မိုးနဲ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မြေ စာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ မိုးစပါးပန်းတိုင်ရရှိရေး ဧက ၁၀၀ စံပြစိုက်ခင်းတွင် စိုက်ပျိုးထားသော DU-12 မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။
မိုးစပါး စံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက စံကွက်ရိတ်သိမ်းရာ စပါးအစိုတစ်ဧက အထွက် တင်း ၁၂၀ ၊ အခြောက်တစ်ဧကအထွက်နှုန်း ၁၀၃ တင်းထွက်ရှိကြောင်း တောင်သူများအနေဖြင့် နည်းပညာပိုင်ဆိုင်ရာအကူအညီများ လိုအပ်လာပါကလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းပညာများဖြန့်ဝေပေးရန် အဆင်သင့်ရှိနေပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက ပြောကြားသည်။
မျိုးညွန့်ရွှေ(မိုးနဲ)