မိုင်းဆတ် အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းဖွင့် အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မိုင်းဆတ်)မှ ကျောင်းအုပ်ဒေါ်ခိုင်ခိုင်ထွေးက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းထောက်ပံ့ပေးမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မိုင်းဆတ်ခရိုင်အတွင်းမှ သင်တန်းသူ (၃၀) ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် လက်မနှင့် စင်တီမီတာစက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀ မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း