ပွင့်ဖြူ အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဆာဖိုးသာ၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ လက်ရှိတွင် ဒေသခံတောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများကို ပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး မိုးစပါးသီးနှံ အထွက်တိုးရေး လုပ်ဆောင်ရမည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် စပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ မိုးစပါးစိုက်ခင်းတွေဟာ စိုက်ပျိုးရေ လုံလောက်စွာရရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းလျက် ရှိပါတယ်။ ယခုဆိုရင် တောင်သူတွေက မိုးစပါးစိုက်ခင်းတွေကို သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ပေါင်းနုတ်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေဖို့ ပိုးသတ်ဆေးဖျန်းခြင်း၊ မြေဩဇာကျွေးခြင်း စတဲ့ မိုးစပါးသီးနှံအထွက်တိုးရေး လုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်၍ နှစ်စဉ် ဆန်စပါးသီးနှံ အများဆုံး စိုက်ပျိုးနိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၆၉၉၉၉ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာတွင် ၇၀၀၀၃ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားချက် ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )