တာချီလိတ်မြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၉) ဖွင့်လှစ်

တာချီလိတ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အနာဂတ်လူငယ်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးများတွင် ပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်း သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှဌေးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများ ပေးအပ်ပြီး တက်ရောက်လာသူများက သင်းတန်းတွင် ခင်းကျင်းပြသထားသော ပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ယင်း သင်တန်းသို့ တာချီလိတ်ခရိုင်အတွင်းမှ ဗမာ၊ ရှမ်း၊ လားဟူ၊ အာခါ၊ ကယန်း၊ ရခိုင်၊ ချင်းစသည့် ဒေသခံတိုင်းရင်းသူ အမျိုးသမီးငယ် ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများက လက်မနှင့် စင်တီမီတာ စက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀  မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးလတ်