လွိုင်ကော် အောက်တိုဘာ ၂၇
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်လွိုင်ကော်အား မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ လွိုင်ကော်-လောပိတလမ်းပိုင်း၊ ဘီလူးချောင်းဘေး၌ မြေထိန်းနံရံတည်ဆောက်နေမှုနှင့် ရှုခင်းသာပန်းခြံတွင် မြေယာရှုခင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က မြေထိန်းနံရံအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ ဘီလူးချောင်းဘေးတစ်လျှောက် သန့်ရှင်းသာယာမှုရှိစေရေး ချုံမြက်များ ရှင်းလင်းဆောင်ရွက်ရန်နှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် ရှုခင်းသာပန်းခြံတွင် ပန်းအလှပင် စိုက်ပျိုးခြင်းနှင့် အနားယူသည့်နေရာများ သစ်လွင်တောက်ပမှုရှိစေရေးတို့ကို စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ အောင်သီဟရပ်ကွက်ရှိ ဧက(၅၀၀) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိကာ ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်လျက်ရှိသည့် (၆၀x၃၀) ပေ အုပ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်အား သတ်မှတ်ကာလအတွင်း အမြန်ပြီးစီး အောင် ဆောင်ရွက်ရန်၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို စဉ်ဆက် မပြတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်၊ မြကန်သာလမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှုနှင့် မြကန်သာကန်ဘေးတွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေး ၊ အရိပ်ရပင်များနှင့် ပန်းအလှပင်များ ရေရှည်ရှင်သန်နိုင်ရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို စဉ်ဆက် မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့နယ်ခန်းမဝင်းအတွင်း (၆၀x၃၅)ပေ အုပ်ညှပ်တစ်ထပ်ပစ္စည်း ဂိုထောင်ရုံ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဂိုထောင်အတွင်း ပစ္စည်းများ စနစ်တကျထားသိုရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး စနစ်တကျဆောင်ရွက်ထားရှိရန် မှာကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆန်၊ ဆီနှင့် ကြက်ဥစသည့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)