ပွင့်ဖြူ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံ ၅၈၀ ဧကထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ ၃၇၄၄ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ ပဲကြီးသီးနှံအား ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုး ခဲ့ရာ ယနေ့ထိ ပဲကြီး ၅၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ပဲကြီးသီးနှံ ၃၇၄၄ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ အဲဒီ ပဲကြီးသီးနှံစိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ပြီး လက်ရှိမှာ ဧက ၅၈၀ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ တောင်သူတွေက ပဲကြီးသီးနှံ ဈေးကောင်းရရှိတာကြောင့် မိုးရာသီနဲ့ ဆောင်းရာသီမှာ အားထားစိုက်ပျိုးကြတယ်။ ပဲကြီးသီးနှံ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ပန်းတိုင်အ ထွက်နှုန်းနဲ့ သီးနှံအရည် အသွေး ကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း ၊ GAP စနစ်နဲ့ စိုက်ပျိုးခြင်း ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရန် သဘာဝပိုးသတ်ဆေး ထုတ်လုပ်အသုံးပြုခြင်း စတဲ့ လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြဖို့ တောင်သူတွေေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် သီးနှံစိုက်ပျိုး စွမ်းအား တိုးတက်မြင့်မားရေးအတွက် ပဲကြီးသီးနှံအပါအဝင် မတ်ပဲ ၊ စားတော်ပဲ ၊ ပဲကြား ၊ ကုလားပဲ ၊ ပဲလွမ်း ၊ ပဲနောက် ၊ ပဲယင်း ၊ ထောပတ်ပဲ ၊ ပဲပုပ်နှင့် အခြားပဲ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၇၂၅၆၄ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ သီးနှံအလိုက် သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )