မိုးညှင်း အောက်တိုဘာ ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မရင်းကုန်း-ဇီးဖြူကုန်း-ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းအား မြေသား တာဘောင်တင်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အိသဉ္ဇာကျော်၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၅၆၅) ဒဿမ (၂၃၂)သန်းဖြင့် ဆောင်ရွက်နေသည့် မိုးညှင်းမြို့နယ်အတွင်းရှိ မရင်းကုန်း-ဇီးဖြူကုန်းနှင့် ညောင်ကုန်း ကျေးရွာချင်းဆက်လမ်းအား မြေသား တာဘောင်တင်ခြင်းလုပ်ငန်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ပြည့်မီခြင်း ရှိ၊ မရှိကို လိုက်လံစစ်ဆေးကြပြီး အဆိုပါလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းအား အရှည် (၅)ဖာလုံ၊ အကျယ် (၂၄)ပေနှင့် ထု (၂)ပေရှိ မြေသားတာဘောင် တင်ခြင်းလုပ်ငန်းနှင့် အရှည် (၆)ဖာလုံ၊ အကျယ်(၁၈)ပေနှင့် ထု (၆)လက်မှရှိ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများကို စက်တင်ဘာပထမပတ်မှစတင်၍ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများ (၃၀)ရာခိုင်နှုန်းထိ ပြီးစီးပြီဖြစ်ကြောင်းနှင့် ၎င်းလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနေပြည်သူများအတွက် အချိန်အခါရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်မည်ဖြစ်ပြီး ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း မြို့ပေါ်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း