နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်း‌ဆေးကုသ ပေးနေမှုကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များနှင့်အတူ တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာ၊ မင်္ဂလာရန်အောင် ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံခုတင်(၃၀၀)နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ ခုတင်(၁၀၀)တို့မှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသ ပေးနေမှု ကို ကြည့်ရှုအားပေးပြီး လာရောက်‌ဆေးကုသမှုခံယူသူများအား အဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်သည်။

ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊  ရာဇသင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်းတစ်လျှောက် စိမ်းလန်းစို‌‌ပြည်ရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုးထားရှိမှု အ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးကြရန်၊ လမ်းဥပဓိရုပ်‌ ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်သွားရန်၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ရပ်ကွက်/ကျေးရွာ ဆိုင်းဘုတ်များအား စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းတစ်‌လျှောက် လမ်းပိုင်းများ၊  လမ်းဘေးပလက်ဖောင်းများနှင့် ကပ်တုံးများ ပြန်လည် ပြုပြင်နေမှုနှင့် လမ်းဘေးမြေယာရှုခင်းများ သန့်ရှင်းသာယာ‌ရေးလုပ်ငန်းများ‌ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်းပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊  သဘာဝဘေးအန္တရာယ်များခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)