သရက်မြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်

သရက် အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့ နံနက် (၉) နာရီအချိန်က ခရိုင်ပြည်သူ့စာကြည့် (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်စုလှိုင်မြင့်က အမှာစကားပြောကြားခဲ့ပြီး သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေမျိုးပိုင်က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းများအား ဆက်လက်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားစနစ်၊ စာအုပ်များ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း၊ စာကြည့်တိုက်များ အောင်မြင်ရေးစသည့်တို့ကို (၂)ရက်ကြာ ပို့ချဆွေးနွေးမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)