အောင်လံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

အောင်လံ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ တေးသီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ်ထည့်သွင်းကျင်းပသော အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း( Never Stop Learning Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိအေးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး G-11 မှ မောင်ဇွဲဇာနည်နှင့် မနန်းအိကလျာဖြိုး၊ G-10 မှ မောင်ဝင်းအောင်ကျော်နှင့် မယွန်းစန္ဒီဆွေ တို့က စာရေးဆရာနန္ဒ ရေးသားသော ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီစာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက်အခြေခံပညာ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူ ၄ ဦး နှင့် သီဆိုဖျော်ဖြေပေးကြသောကျောင်းသား၊ ကျောင်းသူများအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာ များအသီးသီးပေး အပ်ချီးမြှင့်ကာ အမှတ်(၂)အခြေခံပညာကျောင်းမှကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက်တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ စာအုပ်ပြပွဲများနှင့် ဘောလုံးဂိုးသွင်းကစားသည်များကို အားပေး၍လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင် ပွဲ၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းဆွေးနွေးပွဲများအပြင် စာအုပ်ပြခန်း၊ အသိပညာပေးပြခန်းနှင့် ဘောလုံးဂိုးသွင်းကစားပွဲများဖြင့် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကျင်းပဆင်နွှဲခဲ့ရာ ခရိုင်/မြိုနယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)