ပခုက္ကူမြို့၊ အမှတ် (၁၇) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်

ပခုက္ကူ စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၁၇) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်ဉာဏ်ပညာ ကောင်းမွန်စေသောနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “မှာချင်တယ် မောင်မယ်မလွမ်းနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ချောင်းဆုံ (မျိုးချစ်) က “အောင်မြင်ခြင်းနှင့် ပရဟိတ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာ အောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား) က “ကျောင်းသင်ခန်းစာများ ကြိုးစားလေ့လာခြင်းကြောင့် အောင်မြင်တိုး တက်သော အထူးကုဆရာဝန်တစ်ဦးအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟော ပြောကြသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ကြီး ဦးသိန်းထွန်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ကြရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)