မြို့သစ် အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးအအသိပညာများ မျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့သစ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အမှာစကားပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် ထည့်သွင်းကျင်းပသော အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) ဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် စာအုပ်စာစောင်များနှင့် လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းများအား လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)