မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မကွေး အောက်တိုဘာ ၂၅

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Love Your Eyes” “အမြင်အာရုံ ကောင်းစေဖို့အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် စုပေါင်းရုံးစည်းဝေးခန်းမတွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရခြင်းသည် မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် သိရှိနားလည်ပြီး ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းကာ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ စေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းဖော်ပြချက် ကမ္ဘာပေါ်ရှိလူဦးရေ (၁)ဘီလီယံခန့်သည် အမြင်အာရုံ ထိခိုက်မှုများကို ခံစားနေကြရပြီး (၉၀)ရာခိုင်နှုန်းဟာ ဖွံဖြိုးဆဲနိုင်ငံများမှဖြစ်ကြာင်းနှင့် ၎င်းတို့အနက် အမြင်အာရုံထိခိုက်မှု၏ (၈၀)ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ ရနိုင်သည်ကိုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သောရောဂါများမှာ အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို၊ သွေးတိုးရောဂါကြောင့် ဖြစ်သောရောဂါများဖြစ်ပြီး အတွင်းတိမ်ရောဂါမှာ မျက်စိကွယ်ခြင်း အားလုံး၏ (၇၀)ရာခိုင်နှုန်း ခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများတွင်သာမက ကွင်းဆင်း၍ အတွင်းတိမ်ခွဲစိတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ကတော့ "အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့" “Love Your Eyes” ဖြစ်ပါကြောင်း၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီစွာ ရရှိဆောင်ရွက် နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူအားလုံးပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး မကွေးပြည်သူဆေးရုံကြီးနှင့် မင်းဘူးပြည်သူ့ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ မျက်မှန်များထောက်ပံ့ပေးခြင်းနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)