ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဒိုက်ဦးမြို့၌ ကျင်းပပြုလုပ်

ဒိုက်ဦး အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ချီးမြှင့်ခဲ့သည်။

ဦးစွာ ဒိုက်ဦးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်း၊ ညောင်လေးပင်ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ဒိုက်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်း သား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေး လှုပ်ရှားမှုများကို မဖြစ်မနေ အားပေးမြှင့်တင်ရန်လိုအပ်သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတတ်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ Online မီဒီယာများတွင် စာဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသဖြင့် မိမိတို့ဘဝကို အကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုကြောင်း၊ စာအုပ်စာပေဖတ်ရှုမှုသည် မိမိတို့ဘဝကို အကျိုးပြုနိုင်သည့်အတွက် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူဖြစ်စေနိုင်မည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန် လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ယနေ့ပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ရည်ရွယ်ချက်ရှိစွာနဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအားလုံးက အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းပြီး အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာ၊ ဆရာမများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ပေးသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ပြီးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဒိုက်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော ဉာဏ်ဏစွမ်းရည် ပြိုင်ပွဲများ၊ ကာယစွမ်းရည်ပြိုင်ပွဲများ၊ ကလေးစာဖတ်ခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ကျောင်း စာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)