ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသည့် မြေပဲစိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်း

ပေါက်ခေါင်း အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် တောင်သူလယ်သမားများက လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းနှင့် တွဲဖက်ကာ ဆောင်းသီးနှံတစ်မျိုးဖြစ်သော မြေပဲစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မြေပဲစိုက်ပျိုးဧကများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် မြေပဲစိုက်ဧကပေါင်း (၁၆၀၀၀)ကျော်ရှိရာ တောင်သူလယ်သမားများအနေဖြင့် စပါးအပြင် စိုက်ပျိုးစရိတ်ကုန်ကျငွေ နည်းပါးသော မြေပဲသီးနှံကို အိမ်တွင်းစားသုံးဆီ ဖူလုံစေရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်စေရေးတို့အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး  အပင်ပေါက်ချိန်တွင် ပေါင်းသတ်ဆေး ပထမအကြိမ် ဖျန်းပေးခြင်း၊ ပိုးကျချိန်တွင် ပိုးသတ်ဆေး ဒုတိယအကြိမ် ဖျန်းပေးခြင်းနှင့် မြေပဲဥချိန်၌ အသီးအပွင့်အားဆေး တတိယအကြိမ် ဖျန်းပေးခြင်း ပျမ်းမျှ စုစုပေါင်း (၃) ကြိမ် ဆေးဖျန်းပေးခြင်းဖြင့် မြေပဲအထွက်နှုန်းကောင်းပြီး အရည်အသွေးမြင့်သော မြေပဲမျိုးကောင်းမျိုးသန့်များ ရရှိသည့်အပြင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ် ကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် မြေပဲစိုက် တောင်သူများကို မြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ အထွက်နှုန်း ကောင်းမွန်စေရေးအပြင် ပြည်တွင်းစားသုံးဆီဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရုံသာမက အထွက်နှုန်းကောင်းသော မြေပဲမျိုးများကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လောမင်းကို (ပြန်/ဆက်)