ပေါက်ခေါင်း အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တီဘီရောဂါကွင်းဆင်းရှာဖွေရေးအဖွဲ့မှ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းနှင့် အခမဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)အမှတ် ၁ စာသင်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်နှင့်အထက် ချောင်း(၂)ပတ်ကျော်ဆိုးသူများ၊ တီဘီလူနာနှင့်အတူတကွ နေထိုင်ခဲ့ဖူးသူအားလုံး၊ ယခင်တီဘီဆေးသောက်သုံးဖူးသူများ၊ မိမိကိုယ်ကို တီဘီရောဂါဖြစ်နိုင်ချေရှိသည်ဟု သံသယရှိ၍ စစ်ဆေးလိုသူများ၊ ဆေးယဥ်ပါး တီဘီလူနာနှင့်အတူတကွ နေထိုင်သူများနှင့် အသက်(၁၅)နှစ်အောက် လတ်တလော ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ မကြာခဏဖျားခြင်း ကိုယ်အလေးချိန်ကျခြင်းစသည့် လက္ခဏာများရှိသော ကလေးများ၊ တီဘီလူနာနှင့်အတူနေထိုင်သော ကလေးငယ်များစသည့် လက္ခဏာရှိသူများကို စစ်ဆေးပေးသည့်အပြင် အခမဲ့ရင်ခေါင်း ဓာတ်မှန်ရိုက်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကွန်ပျူတာဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပြီး ရောဂါတွေ့ရှိသူများကို သလိပ်စစ်ဆေးခြင်းနှင့်လိုအပ်သည့် ဆေးကုသမှုများ လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူလူထုက လာရောက်စစ်ဆေးခဲ့ကြပြီး တီဘီရောဂါဖြစ်ပွားပျံ့နှံ့မှုလျှော့ချရန်၊ တီဘီရောဂါအကြောင်းကို ပိုမိုသိရှိနားလည်စေရန်နှင့်တီဘီရောဂါ သံသယလူနာများကို တီဘီရောဂါရှိ/မရှိ စမ်းသပ်ဆေးကုသပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လောမင်းကို