ငဖဲ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မင်းလွင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် မင်းလွင်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲသဲမာက အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်၊ ဗလငါးတန်ဖွံ့ဖြိုးရေးသိကောင်းစရာများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေကောင်းများကို လေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ငဖဲမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက လူငယ်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-7 မှ မနှင်းနေခြည်ဖြိုး က လူငယ်နှင့်စာရိတ္တ ၊ Grade- 6 မှ မောင်မြတ်မင်းသူက လူငယ်နှင့် အားကစား၊ Grade- 8 မှ မောင်ထိန်လင်းသူ က လူငယ်နှင့် ဆေးလိပ်အန္တရာယ် ၊ Grade- 9 မှ မခြူးသီရိခိုင် က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်း သား/သူများဖြင့် အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းပေးအပ်ရာကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)