ပွင့်ဖြူ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် ရွှေဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မိသားစုအပိုဝင်ငွေ တိုးပွားစေရန် မိမိတို့၏နေအိမ်ဝိုင်း မြေကွက်လပ် များနှင့် လယ်ယာ ၊ ကိုင်းကျွန်းမြေများတွင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထိုသို့ စိုက်ပျိုးရာ၌ ဈေးကွက်ကောင်းမွန်သော ဟင်းသီးဟင်းရွက်သီးနှံများကို ရွေးချယ်စိုက်ပျိုးကြပြီး ဝယ်ယူစားသုံးသူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများဖြစ်စေရန် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် ဟင်းသီးဟင်းရွက် သီးနှံများတွင် ရွှေဖရုံသီးစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် အသီး၊ အညွန့် နှစ်မျိုးလုံးကို ရောင်းချရ၍ ဝင်ငွေတိုးပွားပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ပင်ပြန့်စိုက်နည်းစနစ်နှင့် စင်ထိုး၍စိုက်နည်းစနစ်ဟူ၍ (၂)မျိုးရှိကာ ပင်ပြန့် စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက ရရှိလာမည့်ရွှေဖရုံသီးမှာ အလုံးကြီးထွားဖွံ့ဖြိုးမှုနည်းသည့်အတွက် ရောင်းချရာတွင် ဈေးလျော့နည်းကြောင်း၊ စင်ထိုး၍ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက အသီးသီးသည့်အခါတွင် အလုံးရေ ပို၍သီးသည့်အပြင် ကြီးထွားဖွံ့ဖြိုးမှုကောင်းမွန်သည့်အတွက် ရောင်းချရာတွင် ဈေးပိုရရှိကြောင်း၊ ရွှေဖရုံသီးနှံသည် စနစ်တကျပြုစုပျိုးထောင် စိုက်ပျိုးပါက စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး ဝင်ငွေပိုမိုရရှိသည့်အတွက် ရွှေဖရုံသီးနှံအား စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားစေရန် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးခြင်းအပြင် ဘုရားပန်းမျိုးစုံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ အချို့တောင်သူများက နှစ်ရှည်သီးနှံများဖြစ်သည့် သံပုရာ၊ ရှောက်သီး၊ ပိန္နဲ၊ ငှက်ပျော၊ သရက်သီးနှံတို့ကို စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )