ပွင့်ဖြူ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ ကျောင်းစုကျေးရွာ၌ ဧကဒဿမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ငြိမ်းငြိမ်းစံ က မြစိမ်းရောင်ကျေးရွာစိမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်း လက်စွဲစာစောင်ပါအကြောင်းအရာများ၊ စီမံကိန်းမူဘောင်နှင့် လုပ်ငန်းစဉ် များ၊ ကျေးရွာပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓာတ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းကာလနှင့် ချေးငွေအတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး အကြီးတန်းစာရေး ဒေါ်ငြိမ်းငြိမ်းစံက စီမံကိန်းရန်ပုံငွေကျပ် ၄၅ ဒသမ ၂ သန်းကို ကျောင်းစုကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျောင်းစုကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၈ ဦးကို ငွေကျပ် ၃၆ ဒသမ ၆၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၉ ဦးကို ငွေကျပ် ၈ ဒသမ ၅၅ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၈၇ ဦးကို ဧကဒဿမအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် ၄၅ ဒသမ ၂ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )