ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး စတင်ဆောင်ရွက်

ပခုက္ကူ အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

“သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် အရည်အသွေးပြည့်မီစွာဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဖြင့် ဆောင်ရွက်ရေး၊ စေတီတော်ကြီးအား ထိခိုက်မှုမရှိဘဲ ရှေးမူမပျက်ဆောင်ရွက်နိုင်ရေးတို့အတွက်  ဩဝါဒစရိယ ဆရာတော်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း၊ လုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၃၀ ရက်တွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းထားကြောင်း၊ လုပ်ငန်းကိုငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ်လုပ်ငန်းနှင့်ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းစသည်ဖြင့် အပိုင်း (၃) ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရံစေတီ (၃၆) ဆူကိုလည်း ရွှေသင်္ကန်းကပ်လှူသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး တစ်ကျပ်သားရှိ ၉ လက်မပတ်လည်ရွှေစင်ရွှေပြာ(၅၀)ချပ်နှင့် ၂ လက်မပတ်လည်ရှိ မျက်ပါးရပ်ရွှေဆိုင်း (၂၅၀၀) ဆိုင်း ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ စေတနာရှင် အလှူရှင်များအနေဖြင့် တစ်ကျပ်သားရှိ ၉ လက်မ ပတ်လည်ရွှေစင်ရွှေပြား ၁ ချပ်ကို ငွေကျပ်သိန်း ၅၀ နှင့် ၂ လက်မပတ်လည်ရှိ မျက်ပါးရပ်ရွှေဆိုင်း ၁ ဆိုင်းကို ငွေကျပ်သုံးသိန်းနှုန်းတို့ဖြင့် အသီးသီးပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်ကြောင်း” ဘုရားကြီးဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားသည် ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထား ကိုးကွယ်တော်မူခဲ့သောဘုရားဖြစ်ပြီး အင်္ဂလိပ်အစိုးရလက်ထက် ဂေဇက်ဒီယားဝင်ဘုရားတစ်ဆူလည်း ဖြစ်ခြင်းကြောင့် ဘုရားစေတီတော်ကြီးကို ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့်စေတနာရှင် ပြည်သူများက စဉ်ဆက်မပြတ်ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို နောက်ဆုံးဆောင်ရွက်ခဲ့ပြီး ယခုအခါ ၁၁ နှစ်ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လုံးတော်ပြည့်ရွှေသင်္ကန်းပြန်လည် ကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)