ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခွဲခန့် ရေကျော်စီးဆင်းလျက်ရှိ

ပွင့်ဖြူ  အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော ကြီးအုံကြီးဝတမံသည် မိုးနှောင်းမိုးရွာသွန်းမှု အားကောင်းခဲ့သဖြင့် တမံအတွင်းသို့ မိုးရေများ ဝင်ရောက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက်၊ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှတစ်ပေခွဲခန့် ဆက်လက်ရေကျော်စီးဆင်းလျက်ရှိကြောင်း အဆိုပါတမံရေကင်းတာဝန်ရှိသူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးနှောင်းမိုးရွာသွန်းမှု အားကောင်းခဲ့သဖြင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများ တိုးလာခဲ့ပြီး တမံရေပြည့်အမှတ် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၆ ပေကျော်အထိ ရေကျော်စီးဆင်းမှုများ ရှိခဲ့ကာ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်စီးဆင်းမှု ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် တမံရေပိုလွှဲမှ တစ်ပေခွဲခန့်သာ ဆက်လက်ရေကျော်စီးဆင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်စီးဆင်းမှုအခြေအနေများကို တမံရေကင်းတာဝန်ရှိသူများက စောင့်ကြပ်စစ်ဆေးပြီး ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တမံနှင့် ဆက်စပ်အဆောက်အုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)