မြို့သစ်မြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးဆောင်ရွက်

မြို့သစ် အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးရုံးက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လိုင်းတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က မြို့သစ်မြို့နယ်၊ ကံကြီးဓာတ်အား ခွဲစက်ရုံမှလျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ မြို့သစ်ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီဓာတ်အား လိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များကို ကြံ့ခိုင်မှုရှိစေရန် ပြန်လည်တည့်မတ်ခြင်း၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဗို့အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိရေးအတွက် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း  လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့အပြင်ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌လျှပ်စစ် အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးစနစ်တကျ သုံးစွဲနည်းဆိုင်ရာ အသိပညာပေးလုပ်န်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း