နတ်မောက်မြို့တွင် ကျောင်းသား/သူများကို ဆုံဆို့မေးခိုင်နှင့် ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

နတ်မောက် အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် အသက် ၅ နှစ်မှ ၇ နှစ် KG ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၉ နှစ်မှ ၁၀ နှစ် ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက KG ကျောင်းသား/သူများကို ဆုံဆို့မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ်ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများအား စနစ်တကျထိုးနှံပေးခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများက ကြည့်ရှု၍ လိုအပ်သည့်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း