ပွင့်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးသည့် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၃၀၂၆၂ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မြေပဲ ၅၂၆၇ ဧက၊ နှမ်း ၂၄၀၆၅ ဧက၊ နေကြာ ၁၁၂၀ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၃၀၄၅၂ ဧက စိုက်ပျိုးထားရှိကြောင်း သိရပြီး ယခုအခါ ဆီထွက်သီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဇူလိုင်လမှစပြီး ပြန်လည်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၃၀၂၆၂ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားသုံးဆီ ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်ပြီး မြေပဲ ၃၆၁၉ ဧက၊ နှမ်း ၂၄၇၂၀ ဧက၊ နေကြာ ၁၀၄၆ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု မြေပဲ ၅၂၆၇ ဧက၊ နှမ်း ၂၄၀၆၅ ဧက၊ နေကြာ ၁၁၂၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၃၀၄၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို သီးနှံ အထွက်နှုန်းများ တိုးတက်စေဖို့အတွက် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ဝယ်ယူစိုက်ပျိုးနိုင်အောင် ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။ လက်ရှိမှာ တောင်သူတွေက ဆီထွက်သီးနှံစိုက်ခင်းတွေကို ပြန်လည်ရိတ်သိမ်းဆည်းလျက်ရှိပြီး ဒီနေ့အထိ မြေပဲ၊ နှမ်း၊ နေကြာ ၃၀၂၆၂ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ မြေပဲ တစ်ဧကလျှင် ၅၅ ဒသမ ၂၆ တင်း၊ နှမ်း တစ်ဧကလျှင် ၉ ဒသမ ၄၃ တင်း၊ နေကြာ တစ်ဧကလျှင် ၁၉ ဒသမ ၃၅ တင်းနှုန်း ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဈေးကွက်ရှိသည့် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် တောင်သူများ မိုးသီးနှံများ စိုက်ပျိုးရာ၌ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုပစ္စည်းများ စနစ်တကျ သုံးစွဲတတ်စေရေးနှင့် သီးနှံပိုးမွှားရောဂါ ကင်းဝေးစေရေး၊ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက် ရရှိရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီး ဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )