ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၃၀၅၀ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၃၀၅၀ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၃၀၅၀ ဧက စိုက်ပျိုးရန် လျာထားပြီး အဆိုပါ ဖူးစားပြောင်းစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် လိုအပ်သည့် စိုက်ပျိုးရေး နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ဆောင်သီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဖူးစားပြောင်း ၃၀၅၀ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သတ်မှတ်စိုက်ဧကတွေ ပြည့်မီအောင် ဆောင်ရွက်သွားမှာပါ။ တောင်သူတွေကိုလဲ ဖူးစားပြောင်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့နဲ့ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အထွက်နှုန်းများ တိုးတက် စေဖို့ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးတို့ကို ကြီးကြပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖူးစားပြောင်း စိုက်ပျိုးတောင်သူများကို အထွက်နှုန်းများ ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း ၊ ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြစ်သည့် ပိုးသတ်ဆေးအသုံးပြုရေး စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဖူးစားပြောင်းသီးနှံစိုက်ပျိုးခြင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧကလျှင် သီးနှံစိုက်ပျိုးစရိတ် အရင်းအနှီး သုံးသိန်း မှ လေးသိန်းခန့်အထိ ကုန်ကျမှုရှိကာ သီးနှံဝင်ငွေ အနေဖြင့် သီးနှံအထွက်နှုန်းပေါ် မူတည်ပြီး တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းကျော်ခန့် အကျိုးအမြတ်ရရှိသဖြင့် ဒေသခံ တောင်သူများက ဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးကို နှစ်စဉ် အားထားစိုက်ပျိုးကြကြောင်း သိရသည်။

ဖူးစားပြောင်းကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရန် ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )