ဟိုပုံး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးရွာမြေငှား ဂရန်ပေးအပ်ပွဲကို အောက်တိုဘာ ၁၈ နံနက် ၁၀ နာရီက ပေါင်လင်းကျေးရွာအုပ်စု၊ နံကင်ကျေးရွာတွင် ကျင်းပခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချရေးတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယင်းတို့၏ လိုလားချက်၊ လိုအပ်ချက်များကို အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းအားဖြင့် မြေပိုင်ဆိုင်မှုအထောက်အထားများကို ပိုမိုခိုင်မာစေသည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ပိုမိုလုံခြုံစိတ်ချစေပါကြောင်းပြောကြားပြီး နံကင်ကျေးရွာပြည်သူမှ ကျေးဇူးစကားပြန်လည် ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဘွေထန်းနှင့် တာဝန်ရှိသူများက ပေါင်လင်းကျေးရွာအုပ်စု၊ နံကင်ကျေးရွာ မြေငှားဂရမ်(၈၈)ခုအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)