မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေး အစည်းအဝေးကျင်းပ

တာချီလိတ် အောက်တိုဘာ ၁၉

မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းတလျှောက် ချောင်းတူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းက တာချီလိတ်မြို့၊  လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 ဦးစွာ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေသည့် ရေကြီးရေလျံမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည် လုပ်ငန်းစဉ်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှု အခြေအနေများအားလည်းရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းနိုင်ဝင်းက မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် ရေထိန်းတံမံလုပ်ငန်းများ၊ မယ်ဆိုင်ချောင်းဆယ်ယူမှုအခြေအနေများအားလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးဟန်ထွန်းက လက်ရှိ ဆည်မြောင်းဦးစီးဌာနမှ ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် ရေထိန်းတံခါးများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မယ်ဆိုင်ချောင်းရေထိန်း နံရံကာကွယ်ရေး လုပ်ငန်းများ၊ မြို့တွင်းရေကြီးရေလျှံမှုကြောင့် တင်ကျန်နေသည့် နုန်းများပြန်လည် ဆယ်ယူမှု အခြေအနေများ၊ အစိုးရခွင့်ပြချက်ဖြင့် စည်ပင်သာယာရေးဌာန၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် ရေထိန်းတံခါးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများလည်းကောင်းဌာနအလိုက်အသီးသီးတင်ပြရာ ပြည်ထောင်စုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်တို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် မယ်ဆိုင်ချောင်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးရာ အလူရာဟိုတယ်အနောက်ရှိ ၁၄၂၀ ပေကို ကွန်ကရစ်ရေထိန်းနံရံကိုလည်းကောင်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁)ရှိ ကွန်ကရစ်ရေထိန်းနံရံလုပ်ငန်းများကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ငွေလုံးငွေရင်းဘတ်ဂျက်ဖြင့် တင်ဒါအောင် ကုမ္ပဏီများ ဆောင်ရွက်နေသည့် မယ်ခေါင်ရေထိန်း တံခါးဆောင်ရွက်နေမှုလုပ်ငန်းများကိုလည်းကောင်း၊  မြန်မာ-ထိုင်းချစ်ကြည်ရေးတံခါး(၂)အနီးရှိ ရန်အောင်မြေ ရေထိန်းတံခါး ဆောင်ရွက်နေမှု လုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကာလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အေးအေးလတ်