မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မူဆယ်    အောက်တိုဘာ   ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျောင်းစာကြည့်တိုက်များကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်ရေး စာအုပ်စာပေဖတ်ရှုမှု မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောပြီး ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ကာ အ.ထ.က(၂)၊ G-11 မှ မောင်ဇင်မျိုးအောင်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ G-10 မှ မယွန့်မို့မို့ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-10 မှ မပြည့်မှူးဝတီလွင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-10 မှ မဖြိုးရတနာကျော်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-11 မှ မောင်လုံဂျွမ့်ဘားမိုင်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသော ကျောင်းသား/သူများက မေးမြန်းချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် ပါဝင်ဆွေးနွေးသူများနှင့် မေးမြန်းသူများ၏ ကောက်နုတ်ချက်များကို ဦးဆောင်ဆွေးနွေးသူမှ ပြန်လည်သုံးသပ် ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)