အမှတ် (၁) ကျေးရွာ အမကကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

နမ့်စန်(တ) အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက နမ့်စန်ကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး စာကြည့်တိုက်မှူး ဒေါ်စုလှိုင်ဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် အသိပညာပေးပုံပြင်များ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များပြသ၍ ကိုယ်ကာယလှုပ်ရှားမှုနှင့် ဉာဏ်စမ်းဂိမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)