နမ့်စန်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နမ့်စန်(တ)  အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမှတ်(၅)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ်(၉)ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၅)ရပ်ကွက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများနှင့်ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့ပေးသည့် အလှူရှင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင် ဦးဇေယျာဟန်တို့က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

ထို့နောက် တတိယဆုရရှိသော အမှတ်(၄)ရပ်ကွက် (က) ဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော အမှတ်(၉)ကျေးရွာ ဘောလုံးအသင်းတို့အား အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဝင်းသန်းနှင့် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်လင်းကိုတို့က တစ်ဦးချင်းဆုဆွဲပြားများနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အမှတ်(၅)ရပ်ကွက် ဘောလုံးအသင်းကို အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်စိုးအောင်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကိုဝင်းက ဆုငွေ (၁၅)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)