ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကျိုင်းလပ်  အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ကျောင်းသားလူငယ်များ လူငယ်ရေးရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ဗလငါးတန်းနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်လာ၍ ကျောင်းသားလူငယ်များသည် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကိုလည်း လေ့လာကြရန်နှင့် ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်များ  ပေါ်ထွန်းလာစေရန်အတွက် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကိုး အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဓာတ်ပုံပြပွဲ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)